မုံရွာခရိုင်၌ မိုးရာသီ သီးနှံစုံဧက (၈၀၅,၀၈၆) လျာထားစိုက်ပျိုးသွားမည်

မုံရွာ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မိုးကောင်းသောက်၊ လျှပ်စစ်ရေတင်နှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင်အတွင်ရှိ မြို့နယ်များ၌ မိုးရာသီသီးနှံစုံ (၈၀၅,၀၈၆)ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင် မိုးရာသီသီးနှံစုံ အမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါး (၇၅,၁၆၆)ဧက၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ၊ ထောပတ်ပဲနှင့်အခြားပဲ စုစုပေါင်း (၂၂၃,၉၅၀)ဧက၊ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာ စုစုပေါင်း (၁၈၄,၀၄၂) ဧက၊ ဝါသီးနှံ (၄၅,၄၃၀) ဧက၊ စားဖိုဆောင်သီးနှံ (၁,၄၅၂) ဧက၊ အခြားသီးနှံ (၂၇၅,၀၄၆) ဧကဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်၌ ယခုနှစ် မိုးရာသီ မိုးသီးနှံစုံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေ၊ မျိုး၊ ပိုးနှင့်စိုက်ပျိုးရေးနည်းပညာများကို ခရိုင်နှင့်စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံများစိုက်ပျိုးရာတွင် မိုးစပါးသီးနှံများကို ဇွန်လလယ်တွင် လယ်ထွန်ခြင်း၊ ပျိုးထောင်ခြင်းများဆောင်ရွက်၍ ဇွန်လကုန်ပိုင်းတွင် စတင်စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံများကို မေလဆန်းကစတင်စိုက်ပျိုးခဲ့ရာ ပဲမျိုးစုံ (၂၅,၈၆၃) ဧက၊ ဆီထွက်သီးနှံစုံ (၁၄,၈၉၂) ဧက၊ ဝါသီးနှံ(၂,၉၃၃)၊အခြားသီးနှံ (၁၂၀,၀၃၃) ဧက စိုက်ပျိုးပြီးစီးပြီး ယမန်နှစ်က မီုးရာသီသီးနှံစုံ (၇၇၈,၁၂၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။