ကြံခင်းမြို့ပေါ်ရှိ စတိုးဆိုင်များ/ကုန်စုံဆိုင်များတွင် ဆေးဆိုင်များ၊ ရေသန့်စက်ရုံးများအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ကြံခင်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ/ ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများနှင့် ဆေးဆိုင်များ၊ ရေသန့်စက်ရုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးဦးစီးဌာန မြို့နယ်စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း ဦးဆောင်၍ မြို့မရဲစခန်းမှ ဒုရဲအုပ်မင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေးဦးမျိုးသက်ထွန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာသစ်ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ/ ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ်ပုံစံတူ အစိမ်းရောင်အချိုရည်ဘူးများ အစားအသောက်နှင့် ဆေးဝါး ကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်အတုအပ ထုတ်လုပ်ဖြန့်ဖြူးထားသည့် Sprite အမှတ်တံဆိပ်ပုံစံတူ အသိမ်းရောင်ဘူးများ ရောင်းချခြင်းမှုရှိ/မရှိ၊

ဆေးဆိုင်များ ဆေးဝါးပြတ်လပ်မှု၊ သတ်မှတ်ဈေးနှုန်းထက်ကျော်လွန် ရောင်းချမှု ရှိ/မရှိ၊ စားသောက်ဆိုင်များတွင် တာရှည်ခံဆေးဝါးများ အသုံးပြုမှု ရှိ/မရှိ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်းတံဆိပ်ပါ/မပါနှင့် တားမြစ်အချိုရည်များ ရောင်းချမှု ရှိ/မရှိ၊ Morther သောက်ရေသန့်စက်ရုံတွင် သတ်မှတ်စံချိန်စံနှုန်းများဖြင့် ထုတ်လုပ်မှု ရှိ/မရှိ စစ်ဆေးကြပြီး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ ကုန်အညွှန်းတံဆိပ်များ ပြည်စုံစွာပါရှိစေရေး၊ ကုန်စည်များဝယ်ယူရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံသော ကုန်စည်များနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ပါရှိ‌သော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)