တောင်တွင်းကြီး ဇွန် ၆
ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံဦးသူရမောင်မောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ လူသားများအပါအဝင် သက်ရှိသတ္တဝါအားလုံး ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သော ကမ္ဘာမြေကြီးဖြစ်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ စိမ်းစိုသာယာလှပသော ကမ္ဘာမြေတွင် တိုးပွားလာသော လူဦးရေအတွက် စားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ဆုတ်ယုတ်မှုများ၊ ပလပ်စတစ်အသုံးပြုခြင်း၏ ဆိုးကျိုးများ၊ သန့်ရှင်း၊ ကျော့မော့၊ အမှိုက်လျှော့ရန် 3R သုံးပြီး အမှိုက်လျှော့ချစို့၊ ပတ်ဝန်းကျင်ရေးရာကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းးသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)