ကြံခင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အပတ်စဉ်သောကြာနေ့တိုင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ကြံခင်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စုများတွင် အပတ်စဉ် သောကြာနေ့တိုင်း နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းရေး အဘိတ်ဆေးခတ်ခြင်းနှင့် သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့က သက်ဆိုင်ရာစုရပ်များမှစတင်၍ လူနေအိမ်များမှ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေ အိုးများအား သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း အသုံးမပြုသော ရေအိုးရေခွက်များ၊ တာယာကွင်းများထဲသို့ ရေဝင်ရောက်ပြီး ခြင်ပေါက်ပွားနိုင်သည့်အတွက် စနစ်တကျထားရှိကြရန် အသိပညာပေးဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)