ကန့်ဘလူ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်နှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲလွဲပိုင်းက ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မိမိရုံးရှိဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရုံးလုပ်ငန်းများကို သိရှိနားလည်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်းကို သိထားရမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ ရုံးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်မှ အခန်း (၇) ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်ခန့်ထားခြင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)