မုံရွာ ဇွန် ၆
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကို ဇွန်လ ၅ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ထမ်းများနှင့် သား/သမီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ကြားလျှက်ရှိသည့် မိသားစုဝင်များ၏သားသမီးများသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ၊ သားကောင်းရတနာများ ဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်စေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားကြရန်တာဝန်ရှိပြီး ပညာ ရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်သည်လည်း တောက်ပြောင်လာမည်ဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေ သောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သား/သမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/သူများလည်း အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာကြစေရေးနှင့် နိုင်ငံ့အကျိုး၊ ဘာသာ၊သာသနာအကျိုးအား သယ်ပိုးထမ်းရွက် ပြီးပညာတတ်လူတော်လူကောင်းများ ဖြစ်လာကြစေရေး ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအထက်တန်းတက်ရောက်နေသော ကျောင်းသား ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသား ၁ ဦးစီတို့အား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီးက အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူများထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ဆေးရည်စိမ်ခြင်ထောင်များအား ဝန်ထမ်းများထံပေးအပ်သည်။
ဆက်လက်၍ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းခံရသော ဝန်ထမ်းမိသားစုများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအေးက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား/သမီး ၁၆၁ ဦးအတွက် ငွေကျပ်စုစုပေါင်း - ၁၄၅၅၇၅၀၀ (တစ်ရာလေး ဆယ်ငါးသိန်း ငါးသောင်ခုနှစ်ထောင်) ကျပ်နှင့် ဆေးရည်စိမ်ခြင်ထောင် အလုံး ၄၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)