ခန္တီး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကံထူးကအဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး Ending Plastic Pollution Globally နှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် UNမှ ပေးပို့သည့် သဝဏ်လွှာ Video Clip အား ပြသခဲ့သည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူ များအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူလေးများက ပလတ်စတစ် Recycle များဖြင့် အကအလှများဖျော်ဖြေခဲ့ပြီး ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက နှစ်ရှည်ပျိုးပင်များပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်း (ဆင်သေ) မှ ကျောင်းအုပ်ဆရာကြီး ဦးစောသီဟဝင်းက လက်ခံရယူခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကမ်းကီး (ပြန်/ဆက်)