ရေဦး ဇွန် ၆
မိုးတွင်းကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်ပြီး ရေဦးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက် ဦးဆောင်ပြီး ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် နံနက် ၉ နာရီက စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်း၊ နေအိမ်တို့တွင် အသုံးပြုသော ရေလှောင်ကန်များ၊ ဘုရားပန်းအိုးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ မကြာခဏဆောင်ရွက်ရန်၊ တာရာအစုတ်များ၊ အိုးခွက်အစုတ်များအတွင်း မိုးရေဝင်ပြီး ပိုးလောက်လန်း၊ ခြင်များ ပေါက်ပွားမှုမရှိအောင် စနစ်တကျဆောင်ရွက်ထားရှိရန် အသိပညာပေးဆွေး နွေးခြင်း၊ သောက်သုံးရေကန်များ၊ ရေလှောင်ကန်များတွင် အဘိတ်ဆေးခတ်ထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား အောင်ချမ်းသာ အ-မ-က ကျောင်း၊ ရွှေပြည်သာ အ-မ-က ကျောင်းနှင့် ဗိုလ်အောင်ဇေယျရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိစာသင်ကျောင်းများနှင့် ရပ်ကွက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)