ပွင့်ဖြူမြို့နယ်၌ ကူးတို့လုပ်ငန်း လုပ်ကိုင်ကြသူများ မိုးတွင်းကာလ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချထားပေးထားသည့် ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ ကူးတို့လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်နိုင်ရန်နှင့် မိုးတွင်းကာလ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ဖလံတောကျေးရွာ မုန်းချောင်းဆိပ်သို့ သွားရောက်ပြီး ကူးတို့လုပ်ငန်း လုပ်ကိုင်ကြသူများကို ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းအသိပညာ‌‌ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ လေလံစနစ်ဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုပေးထားသည့် ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာ မုန်းချောင်းဆိပ်ရှိ ကူးတို့လုပ်ငန်းခွင်သို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကူးတို့လုပ်ငန်းလုပ်ကိုင်ရာတွင် မိုးတွင်းကာလ၌ ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ဒေသခံပြည်သူများကို ကူးတို့ရေယာဉ်ဖြင့် ပို့ဆောင်ရာ၌ အန္တရာယ်ကင်းဝေးစေရန် အသက်ကယ်ဝတ်စုံ (Life Jacket)များ စနစ်တကျ ဝတ်ဆင်ပြီးမှသာ ပို့ဆောင်ပေးကြရန်နှင့် ကူးတို့လုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရန်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံကူးတို့လုပ်ငန်းရှင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ကူးတို့လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကူးတို့ပို့ဆောင်နေသည့်ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)