မအူပင် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အခမ်းအနားအား ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှအဖွင့်အမှာစကားပြောကြားပြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူးထံမှပေးပို့သည့် သဝဏ်လွှာဗီဒီယိုအားပြသသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရေဆိုးစွန့်ပစ်မှုစနစ်ကောင်းမွန်သော စက်ရုံ၊ လုပ်ငန်းများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Video Clip အားပြသသည်။ ၎င်းနောက်တက်ရောက်လာသူများမှ ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများမှ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)