မြို့သစ် ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လေ့လာသိရှိနိုင်စေရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း ပန်းချီဆရာဦးတင်မောင်ဝင်းက ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီပြိုင်ပွဲကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)