မင်းဘူး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျောက်တန်း-သီးကုန်းလမ်း မိုင်တိုင် အမှတ် ၅/၁ မိုင်ရှိ မောင်းမကန်ကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ မင်းဘူးခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီးပေးအပ်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပိတောက်၊ တမာ၊ ယင်းမာ၊ ထိုင်ဝမ်ဗန်ဒါ၊ မယ်ဇယ် ပျိုးပင်ပေါင်း အပင် ၃၀၀ ကို တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း စိုက်ပျိုးခဲ့ကြပြီး အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်များအပြင် မြို့နယ်အနှံ့ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၀၀၀ ကို ကန်ရေအမြဲတမ်း ပျိုးဥယျာဉ်နှင့် ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်တို့တွင် ပျိုးထောင်ထားရှိပြီး ပြည်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်အမျိုးအစားများကို အဆိုပါပျိုးဥယျာဉ်နှစ်ခု၌ အခမဲ့ လာရောက် ထုတ်ယူ၍ စိုက်ပျိုး နိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)