ပွင့်ဖြူ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇွန် ၄ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( PFIZER VACCINE ) ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ထပ်ဆောင်း ကာကွယ်ဆေး (PFIZER VACCINE) ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အုပ်စုများခွဲ၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများသို့ သွားရောက်ကာ အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံခြင်းမရှိသေးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူများကို လိုအပ်သော ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ကာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (PFIZER VACCINE)အား စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် (PFIZER VACCINE) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ စုစုပေါင်း ၁၇၇၁ ဦး ထိုးနှံပေးသွားမည်ဖြစ်ပြီး ဇွန် ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ဆေးထိုးနှံပြီးသူဦးရေ ၄၉၀ ဦးရှိပြီဖြစ်ကြောင်း၊ ဆေးထိုးနှံရန်ကျန်ရှိသူများကို ဇွန် (၆)ရက်နေ့တွင် အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခု ထိုးနှံပေးသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (PFIZER VACCINE) ထပ်ဆောင်းကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သော ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပြီး အသွင်ပြောင်း ကိုဗစ် - ၁၉ ရောဂါ ဇီဝမျိုးကွဲပေါင်းများစွာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မဖြစ်မနေ ထိုးနှံသင့်သော ကာကွယ်ဆေးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးထံမှ သိရသည်။
၄၄၅