ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၅

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လူသားများသည် လူ့သဘာဝဆန္ဒဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လိုမှု၊လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားရေး၊အသုံးအဆောင်ပစ္စည်းများ ပိုမိုကောင်းမွန်အောင် တီထွင်ထုတ်လုပ်လာခြင်းနှင့်အတူ အမှန်တကယ် လိုအပ်ချက်အပြင် အနာဂတ်တွင် လိုအပ်နိုင်သည်ဟု ယူဆတွေးတောမိသော အသုံးအဆောင် ပစ္စည်းများကို ရယူထားလိုခြင်းကြောင့် စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့်အတူ သဘာဝသယံဇာတအရင်းအမြစ်များ အလွန်အကျွံထုတ်ယူသုံးစွဲလာကြကြောင်း၊ သဘာဝအရင်းအမြစ်များ လိုအပ်သည်ထက် ပိုမိုသုံးစွဲလာခြင်းကြောင့် ပျက်စီးယိုယွင်းလာသော မိမိတို့ပတ်ဝန်းကျင်ကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်မှုကြီးမား လာခြင်းနှင့်အတူ လူတို့၏မဆင်မခြင်သုံးစွဲစွန့်ပစ်မှုကြောင့် ညစ်ညမ်းမှုပြဿနာတွင် ပတ်ဝန်းကျင်ကို အထူးထိခိုက်စေသော ပလတ်စတစ်ညစ်ညမ်းမှုကို မဖြစ်မနေ အလေးထားထိန်းသိမ်းရမည့် ကိစ္စရပ်ဖြစ်ကာ ကမ္ဘာပေါ်တွင်  ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ အဆိုပါ ပလတ်စတစ် ညစ်ညမ်းမှုပြဿနာအား အဆုံးသတ်စေရေးအတွက် ပလတ်စတစ်အသုံးပြုဖို့ငြင်းပယ်ခြင်း၊လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်းတို့ဖြင့် ဆောင်ရွက်သွားရမှာဖြစ်သည့်အပြင် ပလတ်စတစ်သုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးခြင်း၊ပလတ်စတစ်ထုတ်ကုန်နှင့် ပတ်သက်၍ ဥပဒေအရကန့်သတ်ခြင်းတို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လူသားများအားလုံး မှီတင်းနေထိုင်သည့်ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လူသားတိုင်းပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြိုးပမ်း သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်း ကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း ယှဉ်ပြိုင်ရာ၌ အကောင်းဆုံးဆု ရရှိကြသည့် ကျောင်းများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဥပဒေချုပ်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဖတ်ကြားခြင်း Video Clip ၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သီချင်းတို့အား ကြည့်ရှုခဲ့ကြပြီး ပြခန်းအတွင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်