ကသာ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောနေသာနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃)၊ အမှတ်(၂)နှင့် အ.ထ.က (ခွဲ) လ(၁)အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာသင်ကျောင်းဆောင်များတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကသာခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများကို မေလ ၂၂ ရက်နေ့မှ ဇွန်လ (၂) ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီးဖြစ်ရာ ဇွန် (၂) ရက်နေ့မှစတင်၍ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်အတွင်းရှိ ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း (ကသာ)