ကသာမြို့တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကသာ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးစုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ဧရာဝတီမြစ်ကမ်းတစ်လျှောက် မော်တော်ဆိပ်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်‌ဝေရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်များ၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့် စွန်ပစ်မှုအကြောင်းအရာများ၊ တစ်ခါသုံးပလတ်စတစ်အကြောင်းအရာများ၊ မိုက်ခရိုပလတ်စတစ်အကြောင်းအရာများ၊ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်များ၊ ပလတ်စတစ်ညစ်ညမ်းမှု လျော့ချရေးနည်းလမ်းများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အစရှိသည့် ဆောင်ပုဒ်များပါရှိပါသည်။

အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဟိန်းကိုဦးကနှင့်ဝန်ထမ်းများက “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အသိပညာပေးလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများ၊ ခရီသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ရဲလင်းထွန်း (ကသာ)