ပခုက္ကူ ဇွန် ၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး တက္ကသိုလ်ဝန်းအတွင်း စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးမည့် ခရေပင် ၁၀၀ ပင်၊ ပိတောက်ပင် ၁၀၀ ပင်၊ ယင်းမာပင် ၂၅ ပင်ကို ခေတ္တပါမောက္ခချုပ်နှင့် ခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များထံ ပေးအပ်ကြသည်။
ဆက်လက်၍ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် အကြောင်းရင်းများ၊ အပူပိုင်းမိုးခေါင်ရပ်ဝန်းဒေသ သစ်တောပြုန်းတီးရခြင်းအကြောင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးရှင်း လင်းဟောပြောရာ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)