မအူပင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၃) ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့တွင် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာ၌ ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်ခြံမွေးမြူရေး လုပ်ငန်းရှင်များမှ ကြက်ဥ (၁)လုံးလျင် (၃၀၀)ကျပ်နှုန်းဖြင့် အလုံးရေ (၃၀၀၀)၊ ဆန် (၁)ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၂၀)အိတ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်