ဘားအံ ဇွန် ၅
တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာထိခိုက်စေသည့်အတွက်ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တရားမဝင်ကုန်သွယ်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသည့်အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ဖို့လိုပြီး သွင်းကုန်သာမက ပို့ကုန်များကိုလည်း စိစစ်ဆောင်ရွက်ဖို့လိုကာ လုံခြုံရေးအသိလုံခြုံရေးသတိဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ပြည်နယ်အတွင်းတရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနေမှု၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုနှင့် ပိုမိုထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး အထူးအဖွဲ့အတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်အောင်က တရားမဝင် ကုန်သွယ်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ အမှုတွဲ ၂၅၉၉ မှုဖမ်းဆီးအရေးယူဆောင်ရွက်နိုင်မှု၊ နှစ်အလိုက် နှိုင်းယှဉ်ချက်၊ ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ တရားမဝင်ကုန်သွယ်မှုလျော့နည်းစေရေး လက်ရှိဆောင်ရွက်နေမှုနှင့် အကြံပြုတင်ပြချက်များကို ဆွေးနွေးတင်ပြကာ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးက မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ဘဏ္ဍာနှစ်အလိုက် တားဆီး/ ဖမ်းဆီးအရေးယူခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)