ဖြူး ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့၌လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးမင်းလတ်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးနိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် ကညွတ်ကွင်းမြို့အတွင်းရှိ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသောပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်