ထားဝယ် ဇွန် ၅
ယနေ့တွင်ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ်အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက် ပျက်စီးနေမှုပြဿနာများအနက် အခြေအနေအချိန်အခါပေါ်မူတည်၍ နှစ်အလိုက် ဖြစ်ပေါ်နေသည့် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိကာ အလေးထားဖြေရှင်း ဆောင်ရွက်လာကြစေရန်ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်မှစ၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးများတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ကျွန်းပေါင်း (၈၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုအဖြစ်လည်း နာမည်ကျော်ကြားကာ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးခြင်းနှင့် ဒေသခံပြည်သူများအနေဖြင့် အဏ္ဏဝါကိုအမှီပြုပြီး အဓိက အသက်မွေးဝမ်းကြောင်းပြုလျက်ရှိကြောင်း၊ ဒါ့ကြောင့် တိုင်းဒေသကြီးအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းညစ်ညမ်းမှုကို အလေးထားဖြေရှင်းဆောင်ရွက်သင့်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့်တနင်္သာရီတိုင်းဒေသကြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအစီအစဉ် (Plastic Waste Management Action Plan)ကိုရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ဆက်စပ်ဌာနများအနေဖြင့် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်“ကမ္ဘာတစ်ဝန်း ပလတ် စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" (Ending Plastic Pollution Globally) နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏သဝဏ်လွှာ ဖတ်ကြားသည့် ဗီဒီယို အားလည်းကောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာ ဖတ်ကြားသည့်ဗီဒီယိုအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုအားလည်းကောင်းပြသနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ)ဆုနှင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ရရှိသည့်ကျောင်းများနှင့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် သရုပ်ဖော်ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)