ဘိုကလေး ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ သောက်ရေ၊ သုံးရေကန်အဖြစ် အားထားသုံးစွဲနေသော ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်မှ အလျား(၅၅၀)ပေ၊ အနံ(၄၀၀)ပေရှိ မင်္ဂလာကန်တော်လေးအား ယနေ့နံနက်(၇)နာရီအချိန်မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ ပူးပေါင်းကြီးကြပ်မှုများဖြင့် ကန်ဆယ်ယူသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ မင်္ဂလာကန်တော်လေး၏ ပတ်ဝန်းကျင်ရှိ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ ကွင်းဝိုင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုတို့မှ ပြည်သူများ ပူးပေါင်း၍ ကန်ဘောင်ပတ်လည်မှ ခြုံနွယ်ပိတ်ပေါင်း၊ မြက်ပင်၊ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကန်အတွင်းမှ အမှိုက်သရိုက်များ၊ ရေညှိ၊ ရေမှော်၊ မြက်ပင်၊ ပေါင်းပင်များအား ဆယ်ယူသန့်ရှင်း လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြပြီး လုပ်အားဒါနပြုသူများအား ဘိုကလေးသား ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးက အာဟာရဒါနပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါကန်ဆယ်ယူသန့်ရှင်းရေးလုပ်ငန်းအား ယနေ့(၁)ရက်တာအတွင်း အပြီးသတ် တက်ညီလက်ညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်