ထားဝယ် ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့အစည်းအဝေး၏ အဓိကရည်ရွယ်ချက်တွင် ယခင်ကျင်းပပြီးစီးခဲ့သည့် နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီ အစည်း အဝေးများ၏ ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှု အခြေအနေများ၊ ဗဟိုကော်မတီ (သတ္တမအကြိမ်) အစည်းအဝေးနှင့်လုပ်ငန်းကော်မတီ (ဆဌမအကြိမ်) အစည်းအဝေးများ ကျင်းပပြုလုပ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီကို အဖွဲ့ဝင် (၂၅) ဦးဖြင့်ပြန်လည် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက အလေးထားဆောင်ရွက်နိုင်ခဲ့ကြသည့် ရလဒ်များအဖြစ် ငါးဖမ်း/ သယ်ရေယာဉ် များတွင် VMS, AIS စနစ်တပ်ဆင်၍ စိစစ်ကြပ်မတ်နိုင်ခြင်း၊ ငါးမဖမ်းဆီးရဧရိယာများ တိုးချဲ့သတ်မှတ်ဆောင်ရွက်နိုင်ခြင်း၊ အဏ္ဏဝါသိပ္ပံသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ ဒီရေတောပင်၊ လေကာတန်း/အရိပ်ရပင်၊ အုန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ ဒီရေတောဧရိယာများ တိုးတက်လာခြင်း၊ ပင်လယ်ပြင်ဥပဒေ စိုးမိုးရေးမြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းအတည် ပြုနိုင်ခြင်းစသည့် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက တိုးတက်မှုများရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ အပြာရောင်စီးပွား ရေး ဖော်ထုတ်နိုင်မည့်အလား အလာအနေဖြင့် ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်သယံဇာတများမွေးမြူနိုင်ခြင်း၊ ပုလဲမွေးမြူထုတ်ယူနိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများနှင့်အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့်ကျွန်းများရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ ဒီရေတောနှင့် ပင်လယ်သမုဒ္ဒရာထိန်းသိမ်းထားသည့် ကာဗွန်သိုလှောင်မှုရှိခြင်း၊ကမ်းရိုးတန်းနေတိုင်းရင်း သားများနှင့် ဒေသခံပြည်သူများ၏ စုံလင်သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် အခွင့်အလမ်းများကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စီးပွားရေးကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပင်လယ်ရေထုညစ်ညမ်းမှုများက အဏ္ဏဝါသယံဇာတနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း ပင်လယ်ကမ်းရိုးတန်းသယံဇာတများရေရှည်တည်တံ့စေရေးအတွက် ဒီရေတောများကို ထိန်းသိမ်းရေးသည် အရေးကြီးကြောင်း၊ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်းများ၊ မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ သုတေသနလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များမှ ပင်လယ်ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့က ချမှတ်သော ဆုံးဖြတ်ချက်များအား အလေးထား အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအစည်းအဝေးကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)