၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မြဝတီ   ဇွန်   ၅

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြဝတီခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရေးနေ့သည် လူသားအားလုံး မှီတင်းနေထိုင်သည့် ကမ္ဘာကြီး ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ချက်များကို အားပေးနေတဲ့ ကုလသမဂ္ဂရဲ့ အရေးပါတဲ့နေ့ရက်အဖြစ် ဆောင်ရွက်လာသည်မှာ ၁၉၇၄ ခုနှစ် ကတည်းကပင်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကို ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကျင်းပရခြင်းဖြစ်ပြီး “ကမ္ဘာတစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အသိစိတ်ဓာတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်အားပြသခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများက ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသော ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)