ပုလော ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေသာယာလှပရေးအတွက် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အ.မ.က (၆) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက မိုးရာသီသစ်ပင်များကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စစ်နယ်မြေမှူးရုံး၊ အမှတ် (၁) စစ်အုပ်ချုပ်ရေးနယ်မြေ၊ ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းဝင်း၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအား ပျိုးပင်များ ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများက မန်ဂျန်ရှား (၁၅၀) ပင်၊ ပျဉ်းကတိုး (၅၀) ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ခရေ (၅၀) ပင်၊ စုစုပေါင်း ပျိုးပင် (၃၀၀) ကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
ထိုနောက် စစ်နယ်မြေမှူးရုံး၊ အမှတ် (၁) စစ်အုပ်ချုပ်ရေးနယ်မြေ၊ ဒုဗိုလ်မှူးကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပုလောမြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာစေရန်၊ သစ်တောသစ်ပင် ချစ်ခင်စိတ်ဖြင့် တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြည်သူလူထုများအနေဖြင့် သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်များ အခမဲ့လာရောက်ထုတ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)