ကော့သောင်း ဇွန် ၅
၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့အဏ္ဏဝါရပ်ကွက်ရှိ မဥ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးအောင်မှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များ ပြောကြား၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး Ending Plastic Pollution Globally ဖြစ်ပြီး ဂေဟစနစ်နှင့် လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်သည့်အသိပညာများ မြှင့်တင်ရန်၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုလျှော့ချရန်၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ပြောင်းလဲအသုံးပြုရန်၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာစေရန် ရည်ရွယ်ကြောင်း၊ ကမ္ဘာနှင့်တစ်ဝှမ်း ကြုံတွေ့နေရသည့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန်တစ်ဦး တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများလည်း အရေးကြီးပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို အားလုံးပူးပေါင်းလက်တွဲ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကော့သောင်းခရိုင်အနေဖြင့်လည်း ပလတ်စတစ် အမှိုက်သန့်ရှင်းရေး စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းကျန်းမာသောကမ္ဘာကိုလက်ဆင့်ကမ်းနိုင်ရန် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချ၍ ပတ်ဝန်းကျင်ကို တန်ဖိုးထားသောအလေ့အကျင့်များ မွေးမြူကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကုလသမဂ္ဂအထွေထွေအတွင်းမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ ဗီဒီယိုများအား ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၅ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့ အသိပညာပေးဗီဒီယိုများ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား ကျောင်းသူလေးများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)