မြိတ် ဇွန် ၅
“ကမ္ဘာတစ်ဝန်း ပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် အခြေအနေနှင့် အချိန်အခါကိုမူတည်ပြီး နှစ်အလိုက်ဖြစ်ပွားပေါ်ပေါက်နေသည့် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကို ပိုမိုသိရှိကာ အလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၅၃)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အထိမ်းအမှတ်အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP)၏ ဗီဒီယို၊ ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုများကို ပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားအပြီးတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)