တမူးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုမှုမရှိစေရေး ရှောင်တခင် စစ်ဆေး

တမူး ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့် ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရှောင်တခင်စစ်ဆေးရာတွင် တမူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ တမူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူနှင့်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ မစိန်ဘုန်းကြီးကျောင်း လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူလိုင်စင်မဲ့ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့်ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေးအတွက် စစ်ဆေးခြင်းအား မီးသတ်လမ်းဆုံ မီးပွိုင့်နေရာနှင့် ကံကြီးဝတံတားနေရာတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာ