ဇီးကုန်းမြို့နယ် သဲကောကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများရွေးချယ်ခြင်းများ ဆောင်ရွက်

ဇီးကုန်း     ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာ ရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သဲကောကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများရွေးချယ်ခြင်းကို ယမန်နေ့က  ဘဲအင်းကျေးရွာအုပ်စု၊ သဲကောကျေးရွာ ရွာဦး ဘုန်းတောကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန် (လက်ထောက် ညွန်ကြားရေးမှူး)က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ၏ ရည်ရွယ်ချက်ကို ‌ရှင်းလင်းပြောကြားပြီး ကော်မတီ ဖွဲ့စည်းရာတွင် လည်း အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့်သူများကိုသာ ရွေးချယ်ရန်နှင့် ကျေးရွာ၏အမှန်တကယ် အကျိုးပြုမည့် စီမံကိန်းလုပ်ငန်းခွဲများကိုသာ‌ဦးစားပေး ရွေးချယ်ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ဇီးကုန်းမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ စီမံကိန်း ကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ကျေးရွာစီမံ လုပ်ငန်းခွဲများ ရွေးချယ်ခြင်းတို့ကို စီမံကိန်းလက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့်   ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ(၁၇)ရွာ အတွက် စုစုပေါင်း စီမံကိန်းထောက်က်ပံ့ရန်‌ပုံငွေ ကျပ်သိန်း (၁၇၀၀)ဖြင့် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေးပြီး ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)