ငပုတော ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင် ပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ငပုတောမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဦးစွာစိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိမှ တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ်၍ တာဝန်ရှိသူများနှင့်အတူ စုပေါင်းစိုက်ပျိုးသည်။
အဆိုပါမိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဝင်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အင်အား ၂၅၀ ဦးခန့်ဖြင့် ကျွန်း၊ ပျဉ်းဂတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ စုစုပေါင်း(၅၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)