ရေဖြူမြို့နယ်တွင် လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀) သိန်းနှင့်ညီမျှသော မျိုးစပါး/သွင်းအားစုများ ပေးအပ်

ရေဖြူ ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှမြို့နယ်အတွင်းရှိ လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀)သိန်း နှင့်ညီမျှသော မျိုးစပါး/သွင်းအားစု ပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက ရေဖြူမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၆၂၀)ဧက အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးစပါးစိုက်တောင်သူများအား လယ် (၁) ဧကလျှင် ငွေကျပ် (၂) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထိုနောက် ရေဖြူမြို့နယ်ရှိ အလင်းရောင် သမဝါယမအသင်း၊ ထွန်းတောက်သမဝါယမအသင်း၊ မြစမ်းရေသမဝါမအသင်း (၃) သင်းရှိ အသင်းသားတောင်သူများအား စိုက်ပျိုးဧက (၆၂၀) ဧကအတွက် မတည်ငွေ (၁၂၄၀) သိန်းအား အခြေခံသမဝါယမအသင်း၏ ဝိုင်းကြီးချုပ်အဖွဲ့အလိုက် ထုတ်ချေးပေးခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အခြေခံသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသားတောင်သူများ၊ သမဝါယမအသင်းစုအမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ