ကျွန်းလှ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ်မိုးရာသီ သီးနှံစုံ ဧက ၇၆၀၀၀ ကျော် လျာထားစိုက်ပျိုး မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ် မိုးရာသီ သီးနှံစုံစိုက်ပျိုးဖို့ ၇၆၉၇၈ ဧကလျာထားပါတယ်။ အခုအခါ တောင်သူတွေမေလကစတင်ပြီး မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းနဲ့ ဟင်းသီးဟင်းရွက် သီးနှံများစိုက်ပျိုးနေကြပါတယ်။ စပါးစိုက်ပျိုးဖို့ ပျိုးထောင်ရန်နဲ့ လယ်မြေများ ထွန်ယက်ပြင်ဆင် နေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်နှင့် စပါးပျိုးထောင်နည်းစနစ်မှန်ကန်ရေး၊ သိပ္ပံနည်းကျစနစ် လိုက်နာကျင့်သုံးရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၅၃ ဧက၊ ဆီထွက်သီးနှံ ၇၃၁၄ ဧက၊ ဝါ ၁၀၅ ဧက၊အခြားသီးနှံ ၁၆၉၆၀ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက၊ စုစုပေါင်း ၇၆၉၇၈ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ