ဟိုင်းကြီးကျွန်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၃)ခုတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့အဆင့်ဌာနဆိုင်ရာ များသည် ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန်တို့ကို ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်