ထားဝယ် ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်း၌ ဇေယျဝတီဘုန်းတော်ကြီးကျောင်း၏ တိုက်အုပ်ဆရာတော်၊ နိုင်ငံတော်ဩဝါဒစရိယ (ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဒုတိယဂိုဏ်းချုပ်) အဘိဓဇ မဟာရဠဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သူရိယ၊ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ ၏ ဈာပနာအခမ်းအနားကို ဇွန် ၂ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း) ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးနှင့်ဆရာတော်/သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးအရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယိကာ/မများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၆၀၀ဦးခန့် တက်ရောက်သည်။
ဈာပနာအခမ်းအနားတွင် ဆရာတော်/သံဃာတော်များအမှူးပြုသော တက်ရောက်လာကြသူများက သဗ္ဗေသင်္ခါရအနိစ္စာ အစချီသော ဂါထာကို ရွှတ်ဆိုကာ သံဝေဂပွားများ၍ အခမ်းအနားအား ဖွင့်လှစ်ခြင်း၊ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော် အား စိန်ကတ္တီပါ လွှမ်းခြုံပူဇော်ခြင်း၊ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်/သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူအပ်သော မေတ္တာသုတ်ပရိတ်တော်မြတ်ကို နာယူကြည်ညိုခြင်း၊ ဆရာတော်ကြီးဘဒ္ဒန္တ သူရိယ၏ထေရုပ္ပတ္တိအကျဉ်းကိုဘဒ္ဒန္တညာဏိသရမှ ဖတ်ကြားပူဇော်ခြင်းနှင့် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ပေးပို့သော သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်သဝဏ်လွှာကို ဖတ်ကြားပူဇော်ခြင်း၊ တိုင်းသံဃာ့ မဟာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တနန္ဒဝံသမှ အမိန့်တော်ပြန်တမ်းကို ဖတ်ကြားခြင်းနှင့် ဆရာတော်/ သံဃာတော်များ အမှူးပြုသော တပည့်ဒါယိကာ/ဒါယိကာမ အပေါင်းတို့က အနိစ္စာဝတသင်္ခါရာဂါထာ အား ၃ ကြိမ်ရွတ်ဆို သံဝေဂဉာဏ် ပွားတော်မူကာ ဈာပနာအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက်မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ကရဝိတ်ဖောင်တော်ယာဉ်ပေါ်သို့ပင့်ဆောင်ခဲ့ကြပြီးမော်တော်ယာဉ်များဖြင့် ဇေယျဝတီကျောင်းတိုက်မှ ရွှေတောင်စားဘုရားလမ်းအတိုင်း- ဆေးရုံလမ်း- ရေးလမ်းအတိုင်း၊ မီးသတ်လမ်းဆုံ- ရင်ပြင်ပတ်လမ်းအတိုင်း ညောင်ရမ်းတောင်ရပ်၊ ဘုန်းကြီးပျံကုန်းအထိ လှည့်လည်ပူဇော်ခံကာ ဘုန်းကြီး ပျံကုန်းရှိ အန္တိမအဂ္ဂိစျာပနသာဓုကိဠန အခမ်းအနားကျင်းပရာ ကွင်းအတွင်းသို့ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား တာဝန်ရှိသူများက လောင်တိုက်ပေါ်သို့ အဆင့်ဆင့် လက်ဆင့် ကမ်းပင့် ဆောင်ကြပြီး ရုပ်ကလာပ်အား မီးပူဇော်သည်။
ဆက်လက်၍ဇွန် ၃ ရက်နေ့မွန်းလွဲပိုင်း တွင်ဆရာတော်ကြီး၏အရိုးပြာအိုးအား ပင့်ဆောင်ပူဇော်ပွဲကို ဘုန်းကြီးပျံကုန်းတွင် ကျင်းပရာ ရှေးဦးစွာတိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒါယိကာ ဒါယကာမတို့က ငါးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆရာတော်ကြီး၏ အရိုးပြာအိုးအား ယာဉ်ပေါ်သို့ပင့်ဆောင်ခဲ့ပြီး ဆရာတော်/သံဃာတော်များ ဦးဆောင်၍ မော်တော်ယာဉ်များဖြင့် ညောင်ရမ်းတောင်ရပ်၊ ဘုန်းကြီးပျံကုန်းမှတဆင့် ရင်ပြင်ပတ်လမ်းအတိုင်း- မီးသတ်လမ်းဆုံ-ဥတ္တံတားကြီးလမ်းဆုံ၊ မြို့တွင်းလမ်းအတိုင်း၊ အာဇာနည်လမ်းအတိုင်း ကမ်းနားလမ်းအတိုင်း ဒေါင်းငူ/တံငါရပ်ကွက်၊ ဆိပ်ကမ်းသာဘော တံတားအထိ လှည့်လည်ပူဇော်ခံသည်။
ဆက်လက်၍ ဆရာတော်ကြီး၏အရိုးပြာအိုးအား ဆရာတော်/သံဃာတော်များဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိပ်ကမ်းသာဘောတံတားမှ သဗ္မာန်လှေငယ်ဖြင့် ထားဝယ်မြစ်လယ်အတွင်းထိ ပူဇော်ခံပြီး ထားဝယ်မြစ်ထဲသို့ ရေမျှောကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)