ခန္တီး ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးတတ်စေရန်၊ တန်ဖိုးထားတတ်စေရန်နှင့် ပြုန်းတီးနေသည့် သစ်တောသစ်ပင်များအား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်သည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ခန္တီး-ဟုမ္မလင်းကားလမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်ထွဋ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဘုန်းမြင့်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုး၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်းမောင်တို့က စိုက်ပျိုးကြမည့်ပျိုးပင်များ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/ သူလေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ကျွန်း အပင်ရေ (၁၅၀)၊ ပိတောက် အပင်ရေ (၂၀၀)၊ မန်ဂျန်ရှား အပင်ရေ(၁၀၀)၊ တပေဘူတ အပင်ရေ(၂၅)၊ ဝါးအပင်ရေ(၂၅) စုစုပေါင်းပျိုးပင်(၅၀၀)ကို ခန္တီး-ဟုမ္မလင်း ကားလမ်းဘေးရှိ စိုက်ခင်းများ၌ စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)