ဝိုင်းခြင်း (သို့) ခြင်းအလှခတ်ကစားခြင်းကို မတိမ်ကောမပပျောက်စေရန် ပြပွဲ၊ ပြိုင်ပွဲများအဖြစ် ထည့်သွင်းကျင်းပလာ

မင်းဘူး   ဇွန်   ၅

မြန်မာတို့သည် ခေတ်အဆက်ဆက်မှ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းကာ ကစားလာကြသော ဝိုင်းခြင်း (သို့) ခြင်းအလှခတ်ကစားခြင်းကို မတိမ်ကောမပပျာက်စေရန် ခြင်းပြပွဲ၊ ပြိုင်ပွဲများအဖြစ် ထည့်သွင်းကျင်းပလာကြကြောင်း သိရသည်။

ခြင်းလုံးခတ်ကစားခြင်းကို  ကိုယ်လက်လှုပ်ရှားမှု ရိုးရာအားကစားတစ်ရပ်အနေဖြင့် ဘိုးဘေးဘီဘင် လက်ထက်မှအစပြု၍ ယနေ့အထိ မြတ်မြတ်နိုးနိုး ကစားလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ခြင်းခတ်ကစားခြင်းကို ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးဘုရား ဌာပနာတိုက်မှ ငွေအတိဖြင့် ပြုလုပ်ထားသော ခြင်းလုံးတစ်လုံးကို တူးဖော်တွေ့ရှိရသဖြင့် ထိုခေတ်က ခြင်းလုံးနှင့် ခြင်းခတ်ကစားသည့် အလေ့အထများ ရှိနေကြပြီဟု ယူဆကြသည်။

ပုဂံမင်းလက်ထက် ၁၂၀၈ ခုနှစ်၌ ယိုးဒယားပန်းပုသမားတစ်ဦးသည် ဆင်စွယ်ဖြင့် ထုထွင်းပြုလုပ်ထားသော ခြင်းလုံးတစ်လုံးကို မင်းကြီးအားဆက်သရာ လွန်စွာနှစ်သက်တော်မူလှ၍ ထိုပုံအတိုင်း ကြိမ်ဖြင့်ထိုးစေပြီး နန်းတွင်းသား လူပျိုတော်တို့အား စတင်ခတ်ကစားစေခဲ့သည်ဟု အဆိုရှိခဲ့သည်။ ထိုအချိန်က ဝိုင်းခြင်းများသာ ခတ်ကစားကြပြီး၊ ဝိုင်းခြင်းခတ်ကစားခြင်းသည် တစ်ဦးနှင့်တစ်ဦး၏ စိတ်ကိုညီညွတ်မျှတစေသည့် သဘောရှိခဲ့ကြသည်။ ထို့ကြောင့် “အပေးအယူ စိတ်ကြည်ဖြူခြင်းမူ စာဂ မျှစိတ္တ” ဟု ဆောင်ပုဒ်ရှိခဲ့ သည်။

ခြင်းခတ်ကစားနည်းကို ခြင်းသေနှင့် ခြင်းရှင်ဟူ၍ နှစ်မျိုးခတ်ကစားကြပြီး ခြင်းသေကစားခြင်းကို ညှပ်ခြင်းကစားသည်ဟုလည်း  ခေါ်ဆိုကြသေးသည်။ ညှပ်ခြင်းဆိုသည်မှာ ကစားသူက ခြင်းလုံးကို သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းအမျိုးမျိုးနှင့် ညှပ်၍ ကစားပြခြင်းပင်ဖြစ်သည်။ ညှပ်ခြင်း ကစားရာ၌ ခြင်းလုံး ၁ လုံးမှ ၆ လုံးအထိ ခဲရာခဲဆစ် အဆန်းထွင်ကစားကြသည်။

ခြင်းရှင်ကစားနည်းဆိုသည်မှာ ခြင်းလုံး တစ်လုံးကို လူ (၄) (၅) ယောက်က မြေသို့မကျအောင် ဝိုင်းဖွဲ့ခတ်ကစားကြရာမှ ယခုခေတ်နောက်ပိုင်းကာလများတွင် တံတောင်ဖြင့်တွက်ခြင်း၊ ပခုံးဖြင့်တော့ခြင်း၊ ခေါင်းဖြင့်ဆတ်ခြင်းဟူသော ကစားပုံအမျိုးမျိုးကို အဆန်းထွင်၍ လှပယဉ်ကျေးသော ကစားကွက်များဖြင့် ခြင်း၏ လှုပ်ရှားပုံအလိုက်ကျခြင်း၊ တက်ခြင်း၊ ပေးခြင်း၊ ဆင်းခြင်း၊ ထိန်းခြင်း၊ တော့ခြင်း၊ လှန်ခြင်း၊ လာခြင်း၊ ထွက်ခြင်း၊ ထောက်ခြင်း၊ ထိုးခြင်း၊ ဖြတ်ခြင်း၊ ပို့ခြင်း၊ မြေထိခြင်း၊ ကော်ခြင်းစသည့် အမှတ်အသားများဖြင့် ခတ်ကစားကြသည်။

ယခုအခါ ရိုးရာခြင်းခတ်ကစားနည်းများကို ဒူး၊ ခြေဖျား၊ ခြေဖမိုး၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေခွင်၊ ခြေစောင်းစသည့် နည်းများအပြင် ပခုံး၊ ခေါင်း၊ ကျောကုန်း၊ တံတောင်၊ ရိုးရိုးဒူး၊  နှစ်ထပ်ဒူး၊  ဝိုက်ဒူး၊  မဟာဒူး၊ စလွယ်ခြင်း၊ ဝိုက်ခြင်း၊ ရှပ်ခြေထိုးခြင်းဟူသော မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ခြင်းအလှခတ်ကစားနည်းများသည် ကမ္ဘာကအားကျဂုဏ်ယူလောက်သည့် ကစားနည်းတစ်ရပ်ပင် ဖြစ်သည်။ အဆိုပါ ခြင်းအလှခတ်ကစားခြင်းကို ဘုရားပွဲ၊ ကျောင်းပွဲနှင့် အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပကာ မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် စွမ်းရည်သရုပ်ပြ ပြပွဲ၊ ပြိုင်ပွဲများအဖြစ် ခြင်းကြီး (၁၀) မျိုး၊ ခြင်းလတ် (၁၀) မျိုးနှင့် လက်ရွေးစင်ခြင်း (၁၀) မျိုး စသည့်တို့ကို တိုင်း၊ ခရိုင်နှင့် မြို့နယ်အားကစားသမားများက အဖွဲ့လိုက်အပြိုင် ခတ်ကစားကာ ပြိုင်စေခဲ့ကြသည်။

အဆိုပါ ခြင်းအလှခတ်ပြပွဲဖြစ်သည့် ရိုးရာခြင်းလုံးခတ်ကစားနည်းကို လူငယ်လူရွယ်ထုအတွင်း ပျံ့နှံ့ထွန်းကားလာရေး၊ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားခြင်းအား ကမ္ဘာ့နိုင်ငံအသီးသီးမှ စိတ်ပါဝင်စားကာ ကမ္ဘာအဆင့်ပြိုင်ပွဲများတွင် မြန်မာမှစတင်ခဲ့သည့် အားကစားနည်းတစ်ရပ်အဖြစ်၊ ခန့်ညားထည်ဝါစွာရပ်တည်နိုင်ရန်၊ မြန်မာ့ရိုးရာခြင်းအလှခတ်ကစားခြင်းကို မြတ်မြတ်နိုးနိုးတန်ဖိုးထားကြစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်းများ၊ မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းသွားကြရန်စသော  ရည်ရွယ်ချက်များဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနက  ပြပွဲပြိုင်ပွဲများကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)