ငဖဲမြို့နယ်တွင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များ မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

ငဖဲ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာ၌ မီတာယူနစ်များ မှန်ကန်မှုရှိစေရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အစုအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများက အုပ်စုများခွဲ၍ မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်နှင့် ချောင်းဖြူကျေးရွာအုပ်စု သရက်ပင်ကျေးရွာရှိ ပြည်သူများ၏နေအိမ်များ၌ တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီတာများအား လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်မှန်ကန်မှုရှိစေရေန်၊ တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေန်တို့အတွက် မီတာယူနစ်များကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ငဖဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးရယူသုံးစွဲရာတွင် မီတာယူနစ်ပျောက်ဆုံးမှုလျော့နည်းရေး၊ မီတာယူနစ်ကိန်းဂဏန်းမှန်ကန်ရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ မီတာယူနစ်အခွန်အခများ အပြည့်အဝကောက်ခံရရှိစေရေးအတွက် မီတာယူနစ်များမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆက်လက်၍ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရယူသုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)