မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာနနှစ်ခုတွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၄၁)ပါး ဝင်ရောက်ဖြေဆို

မင်းဘူး ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မင်းဘူးမြို့ သာသနာ့ဗိမာန်နှင့် စကုမြို့ ပုညရှင်ဓမ္မာရုံတို့တွင် စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေ၊ သီလရှင် (၄၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌  ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကို စာဖြေဌာနနှစ်ခုတွင် စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၄ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး၊ စုစုပေါင်း (၅၅) ဦးရှိကြောင်း၊ အဆိုပါစာမေးပွဲပထမရက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး (၄၀)နှင့် လူပုဂ္ဂိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရဟန်း ၃ ပါးနှင့် သာမဏေ ၁၁ ပါး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ စာမေးပွဲပထမရက်တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒနှင့် ဒွေမာတိကာ ဘာသာရပ်များကို အေးချမ်းစွာဖြေဆိုခဲ့ကြသည်။

စာမေးပွဲဖြေဆိုရာ၌ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများနှင့် စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ဆွမ်း၊ အချိုရည်၊ မုန့်နှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များက စာမေးပွဲကာလ နေ့ရက်အလိုက် ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသူများအားလုံးကို အချိုရည်များဖြင့် နေ့စဉ် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်နေ့အထိ (၇)ရက်ကြာ နေ့စဉ် နေ့လယ် ၁၂ နာရီမှ ၃ နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)