မြိတ် ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိတ်မြို့၊ သမုတ်စံပြကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရည်မှန်းချက် ကြီးကြီးမားမားထား၍ ကျောင်းစာကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍာသည် အလွန်ပင်အရေးကြီးကြောင်း၊ ပညာမတတ်အောင် လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ကျောင်းစာကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီး ဦးကြည်စိုးက ကျောင်းတက်ရောက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမက စက်မှုကျောင်း၏ ကျောင်းတက်ရောက်မှု အခြေအနေများနှင့် ကျောင်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ကျောင်းအပ်နှံရေးပစ္စည်းများ ပေးအပ်သည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုများ၊ ကျောင်းအတွင်း သောက်သုံးရေ ရရှိနေမှုများ၊ စာသင်ခန်းများနှင့် အဆောင်နေကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်မှုပုံစံတို့အား လိုက်လံကြည့်ရှုကာ စာသင်ကျောင်းအတွင်း၊ အပြင်များ၌ ချုံနွယ်၊ ပိတ်ပေါင်းများ ရှင်းလင်းကာ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းအောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ရေးတို့ကို မှာကြားသည်။
ထက်မြင့်(ကျွန်းစု)