တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် နွေရာသီလူငယ်ဘင်ခရာသင်တန်းဆင်းပွဲ တက်ရောက်

မြိတ် ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို ဧပြီလ ၁၈ ရက်နေ့ မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြိတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အ.ထ.က (၂) မြိတ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်လူရည်မွန်” သီချင်းဖြင့် သီဆိုခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သင်တန်းကို ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ တစ်ဦးချင်းအထုံဝါသနာ ဗီဇကောင်းများ ထွန်းကားလာ၍ အနုပညာကို ချစ်မြတ်နိုးတတ်စေရန်၊ အဖွဲ့အစည်းပြဿနာများကို စုပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း ပြောကြားသည်။

ဆက်လက်၍ တာဝန်ခံကျောင်းအုပ် ဒေါ်ခင်နှင်းဆီက နွေရာသီဘင်ခရာသင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး  လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က လူငယ်ဘင်ခရာသင်တန်း နည်းပြဆရာ ၃ ဦး အား ဂုဏ်ပြုဂါရဝလက်ဆောင်များကိုလည်းကောင်း၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ဘင်ခရာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းသားတစ်ဦးက သင်တန်းဖွင့်လှစ်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လူငယ်ဘင်ခရာ သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ရာ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကာ ဆုတော်ငွေများ ချီးမြှင့်ပေးသည်။

အဆိုပါသင်တန်းကို  ဧပြီလ ၁၈ ရက်နေ့မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၅၇) ဦးအား  စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)