ကျုံပျော် ဇွန် ၅
မြေဆီလွှာပျက်စီးမှုမှ ထိမ်းသိမ်းရန်၊ မြေသြဇာကောင်းမွန်ရန်နှင့် တောင်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းခြင်း အခမ်းအနားကို အင်းမအုပ်စုရှိ တောင်သူ ဦးအေးသိန်း၏ လယ်မြေ (၂)ဧက၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင် စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့် အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ ရှေးဦးစွာ စံကွက်ကို စုပေါင်းရိတ်သိမ်းကာ မြေဩဇာပါဝင်မှုနှုန်း စစ်ဆေးကြသည်။
ထို့နောက် တာဝန်ရှိသူတို့က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းနှင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကွင်းအတွင်းစိုက်ပျိုးထားသည့် ပိုက်ဆံလျှော်ပင်များကို လယ်ထွန်စက်အသုံးပြုကာ ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းတို့အား လက်တွေ့သရုပ်ပြသခဲ့သည်။
တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းတိုးစေရန်အတွက် ဓါတ်မြေသြဇာများ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓါတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓါတုဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါတို့၏ အသက်အန္တရာယ်ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါပိုက်ဆံလျှော်ကို စိုက်ပျိုး၍ သစ်စိမ်းမြေသြဇာပြုလုပ်ခြင်းဖြင့် အဆိုပါအန္တရာယ်များကို ကျော်လွှားနိုင်ပြီး မိမိစိုက်ပျိုးမည့် သီးနှံအတွက်အကျိုးဖြစ်ထွန်မှုများ ရရှိမည်ဖြစ်ကြောင်း၊ သက်တမ်းတိုအတွင်း ကြီးထွားနှုန်းမြန်ဆန်၍ နိုထရိုဂျင်များများထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံများ မစိုက်ပျိုးမီသစ်စိမ်းမြေသြဇာ မြေဖုံးပင်အဖြစ် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ပြီး အကျိုးကျေးဇူးများသည့် သီးနှံဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)