ထားဝယ် ဇွန် ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ဝန်ထမ်းသား/သမီး ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃)ရပ်တွင် ပညာရေးနှင့်ပတ်သက်၍ “တစ်နိုင်ငံလုံးအသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်း မီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာမြှင့်မှ လူမျိုးမြင့်မယ်ဆိုသည့်ပညာ၏အဓိပ္ပာယ်အပြည့်အဝသိမြင်ပြီး မိမိတို့ပညာကိုလက်တွေ့တွင် အသုံးချနိုင်ရန်နှင့် ထာဝရရှင်သန်နေသည့် ပညာဖြစ်အောင်နိုင်ငံတော်အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့်မိဘများကူ မိမိတို့ရင်သွေးငယ်များကို ပညာတတ်အောင်သင်ပြီးပညာတတ်များဖြစ်ရန်၊ ပညာရှင်များဖြစ်ရန် အဆင့်အလိုက်ကျရာ ကဏ္ဍကနေတတ်နိုင်သမျှ အခွင့်အလမ်းများပေးနေကြသလို မိဘများကလည်း မိမိတို့ရင်သွေးကို ကျောင်းအပ်ကျောင်းထားကြရန်၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အောင်မြင်အောင် ပညာလေ့လာကြရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံရန်လိုအပ်ကြောင်း၊ နောင်လာမည့် ပညာသင်နှစ်တွင်ယခုနှစ်ထက်ပို၍ ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်နိုင်ရေးဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊ ပညာသင်ကြားနေသော ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီးများအနေဖြင့် လည်းစာမေးပွဲများကို ထူးချွန်ပြောင်မြောက်စွာဖြင့် အောင်မြင်နိုင်ရေး ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း၊ မိဘများအနေဖြင့် “လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဖ”ဆိုသလို မိမိတို့၏ သား/သမီးပညာရေးတွင် ထူးချွန်လာအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းနှင့် အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးရပြီးထွန်းလင်းတောက်ပသည့် အနာဂတ်ကြယ်ပွင့် ကလေးများဖြစ်လာကြပါစေကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Online သင်တန်းများအပါအဝင် တက္ကသိုလ်အဆင့် ပညာသင်ကြားနေသူဝန်ထမ်း(၃၄)ဦး၊ ဝန်ထမ်းသား/သမီး(၁၇)ဦး၊ အထက်တန်းအဆင့်(၁၃)ဦး၊ အလယ်တန်းအဆင့်(၁၃)ဦး၊ မူလတန်း အဆင့်(၅၅)ဦး၊ မူကြိုအဆင့်(၁၁)ဦး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး စုစုပေါင်း(၁၄၃)ဦး တို့အတွက် ချီးမြှင့်ငွေကျပ်စုစုပေါင်း (၈,၉၆၀,၀၀၀/-)(ကျပ်ရှစ်ဆယ့်ကိုးသိန်းခြောက်သောင်းတိတိ) အား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)