လိပ်သို ဇွန် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်း နှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ ရဲဝံ့တဲ့သူ အောင်ပွဲယူ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ ကြွယ်ဝဖို့ စာအုပ်စာပေများကို အစဉ်တစိုက် လေ့လာဖတ်ရှုမှတ်သားဖို့ လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် မောင်မျိုးမြင့်အောင်က “ဘဝတန်ဖိုး” ခေါင်းစဉ်အောက်မှ “ ဘဝဆိုတာ တိုတိုလေးဆိုရင် တန်ဖိုးရှိအောင်၊ အကျိုးရှိအောင် နေသွားရမှာဖြစ်ကြောင်း၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့၊ ငါ့အတွက် လောဘထက် လူအများစိတ်ချမ်းသာဖို့၊ ပျော်ရွှင်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ လူ့ဘဝတွင် အကောင်းဆုံးနေနည်းမှာ လောကကောင်းကျိုးသယ်ပိုးခြင်း၊ မိဘဆွေမျိုး လူမျိုးအကျိုးသယ်ပိုးခြင်း၊ မိမိကိုယ်ကို တန်ဖိုးမြင့်အောင် မြှင့်တင်ခြင်းတို့ပင်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ ရဲဝံ့တဲ့သူ အောင်ပွဲယူ ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ဘဝမှာ အားမာန်ကို မိမိကိုယ်တိုင်မွေးမှ ရနိုင်ပြီး အားမာန်ပါရင် ဘာမဆို ဖြတ်သန်းကျော်နင်းပြီး အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)