မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

မြဝတီ ဇွန် ၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော် စာဖြေဌာန၌ ဇွန်လ ၄ ရက်နေ့  နေ့လယ် ၁၂ နာရီက စတင်ကျင်းပပြုသည်။

မြဝတီမြို့ စာဖြေဌာနတွင် ဆက်လက်ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် ဝင်ရောက်ဖြေဆိုသည့် သံဃာတော် (၁၂) ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၁၆) ပါး၊ သီလရှင် (၁၂) ပါး၊ ပထမငယ်တန်းတွင် သံဃာတော် (၂၉) ပါး၊ သီလရှင် (၉) ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော် (၆၇) ပါး၊ သီလရှင် (၃၅) ပါး စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၁၈၀) ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အနက် သံဃာတော် (၉၄) ပါး၊ သီလရှင် (၄၈) ပါး၊ စုစုပေါင်း (၁၄၂) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း၊ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန်ဖြစ်သော်လည်း မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့မှုကြောင့် ခေတ္တရပ်နားထားခဲ့ရာမှ ဇွန်လ ၄ ရက်နေ့မှ စတင်ကာ ပြန်လည် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၄-၆-၂၀၂၅ ရက်နေ့မှ ၁၀-၆-၂၀၂၅ ရက်နေ့ထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြသည့် သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရန် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်းတိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဒေါက်တာအရှင်ပညာနန္ဒ ဦးဆောင်သည့် အထူးကြီးကြပ်ရေးဆရာတော်ကြီးများနှင့် ဩဝါဒစရိယဆရာတော်ကြီးများ၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်လူပုဂ္ဂိုလ်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပြီး နေ့စဉ်ဆွမ်းအလှူရှင် ကရင်ပြည်နယ် သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုံနှင့်ဇနီး သီရိသုဓ္ဓမသိင်္ဂီ ဒေါ်နော်ဖောဖောမိသားစုက နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)