ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၁၆၉၅၃ ဧက စိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ပဲမျိုးစုံ ၁၆၉၅၃ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

 “ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၆၉၅၃ ဧက လျာထားပါတယ်။ အခုအခါ တောင်သူတွေ မေလက စတင်ပြီးစိုက်ပျိုးနေကြရာ လက်ရှိအချိန်ထိ ၈၁ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးကြပြီး လျာထားချက်ပြည့်မီအောင်နဲ့ သီးထပ် သီးညှပ်စိုက်ပျိုးကြဖို့ တေင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက် ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲမျိုးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး နည်းပညာပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံစိုက်ပျိုးရန်လျာထားမှုအနေဖြင့် ပဲတီစိမ်း ၅၄၁၂ ဧက၊ ပဲစင်းငုံ ၁၁၅၄၁ ဧက၊ စုစုပေါင်း ၁၆၉၅၃ ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ