အထက်မင်းလှ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အဖွဲ့များက မင်းလှအခြေခံပညာကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မင်းလှ အခြေခံပညာအထက်တန်းကျောင်းရှိ ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိမရှိ စစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် ရေလဲလှယ်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို Abate ဆေးခတ်ခြင်းစသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)