ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များ မှန်ကန်မှုရှိစေရန်နှင့် မီတာပိုဖတ်/ လိုဖတ်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အစုအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများက အုပ်စုများခွဲ၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များ၌ တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီတာများအား လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်မှန်ကန်မှုရှိစေရန်နှင့် မီတာပိုဖတ်/ လိုဖတ်ခြင်းများမဖြစ်စေရန် တစ်အိမ်တက်ဆင်း မီတာယူနစ်များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးရယူသုံးစွဲရာတွင် မီတာယူနစ်ပျောက်ဆုံးမှုများမဖြစ်စေရေး၊ မီတာသုံးစွဲယူနစ်များ မှန်ကန်စေရေး၊ မီတာယူနစ်များ လာရောက်ဖတ်ရာ၌ ပိုဖတ်/လိုဖတ်ခြင်းများမဖြစ်စေရေး၊ မီတာယူနစ် အခွန်အခများ အပြည့်အဝကောက်ခံရရှိစေရေးအတွက် ယခုကဲ့သို့ မီတာယူနစ်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အရှိန်အဟုန်မပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)