တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားသင်ယူဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

ကော့သောင်း ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများအား သင်ကြားသင်ယူဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စာသင်ကျောင်းအား လိုက်လံကြည့်ရှုစစ်ဆေးကာ စာသင်ခန်းများအတွင်း ဆရာ/မများက KG မှ Grade-12 ကျောင်းသား/သူများအား သင်ကြားသင်ယူဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဆရာ/မများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး  အားပေးစကား ပြောကြားသည်။ ဇွန်လ(၂) ရက်နေ့မှစ၍  နိုင်ငံတစ်ဝှမ်းရှိ  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကြရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စာသင်ကျောင်းများဖွင့်လှစ်၍ အတန်းစဉ်အလိုက် သင်ကြားသင်ယူဆောင်ရွက်လျက်ရှိကြသည်။

 ကော့သောင်းခရိုင်အတွင်း မြို့နယ်များအလိုက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး KG မှ Grade-12 ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ လျက်ရှိကြကာ ကော့သောင်းမြို့နယ်အတွင်း အထက်တန်းအဆင့်ကျောင်း (၁၄)ကျောင်း၊ အလယ်တန်း အဆင့်ကျောင်း (၂၁)ကျောင်း၊   မူလတန်းအဆင့်ကျောင်း(၅၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်း စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ စုစုပေါင်း (၂၄၀၀၀)ကျော်တက်ရောက်၍ စိတ်အေးချမ်းသာစွာ  သင်ကြားသင်ယူဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)