ဂန့်ဂေါမြို့၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဂန့်ဂေါ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးခြင်းများဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လမ်းဆုံနှင့် မြန်မာ့ဆက်သွယ်ရေးရုံးအရှေ့ လမ်းဆုံနေရာတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့် အချက်များ၊ ရေးကြီးခြင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လုပ်ဆောင်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်(၁၂၀)စောင်ကို အခမဲ့ ဖြန့်ဝေပေးကာ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း