အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုက်လံကြည့်ရှုအားပေး

ဘားအံ ဇွန် ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ ယနေ့နံနက်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၏ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးနေမှုများနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ဇွန်လ ၂ ရက်နေ့ထိ  အ​ခြေခံပညာ​ကျောင်းများနှင့် ပုဂ္ဂလိက​ကိုယ်ပိုင်ကျောင်းများ၊ ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းများ အပါအဝင် ​ကျောင်း​ပေါင်း ၁၂၇၂ ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၁၄၇၄၀ ဦး ကျောင်းအပ်နှံကြကာ ယနေ့တွင် ၂၁၁၀၉၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ အေးချမ်းတည်ငြိမ်စွာ သင်ကြားသင်ယူနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်နှင့် တာဝန်ရှိသူများက အပ်နှံရန်ခန့်မှန်းကျောင်းသားဦးရေ၏ ၈၈ ဒဿမ ၀၆ ရာခိုင်နှုန်း ကျောင်းအပ်လက်ခံပြီး ဆက်လက်ကျောင်းအပ်လက်ခံပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ သန့်စင်ခန်း၊ ရေ၊ မီး ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူများ အချိန်မီကျောင်းအပ်နှံနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အောင်သံလွင် အားကစားကွင်း၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော အားကစားကွင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်း (၅၉၇ ပေ x ၇ ပေ) ၃၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာ မှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)